“အာဏာရှင်စနစ်၊ ကိုဗစ်နဲ့ အရေးကြီးလာတဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များ”

တစ်ရက်တစ်ရက် ခပ်ကြဲကြဲကြားလာတဲ့ သတင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတဲ့ သတင်းတွေမကြာမကြာကြားလာရပါတယ်။ လူတွေဟာ ကိုယ်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှူတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းရည်မရှိတော့တဲ့ အချိန်မျိုးရောက်တဲ့အခါ သေကြောင်းကြံဖို့ကြိုစားကြပါတယ်တဲ့။အမှန်ပါပဲ။ အခုလောလောဆယ်မြန်မာနိုင်ငံမှာတော့ အဲ့ဒီသေကြောင်းကြံတာတွေ၊ စိတ်ဓာတ်ကျတာတွေရဲ့ အဓိက တရားခံဟာ စစ်တပ်အာဏာသိမ်းခြင်းနဲ့ကိုဗစ်တတိယလှိုင်းကြောင့်ပါပဲ။ 

စစ်တပ်ဒုက္ခကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခများ

ဖေဖော်ဝါရီ စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့အချိန်ကစလို့ အခုအချိန်အထိ စစ်တပ်ကပေးခဲ့တဲ့ဒုက္ခတွေဟာ လူတိုင်းလူတိုင်းကို အနည်းနဲ့အများတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်စေပါတယ်။ ကိုယ့်ဟာ မလုံခြုံတော့ဘူး၊ ကိုယ့်မိသားစုဟာ မလုံခြုံတော့ဘူး ။ စသည်ဖြင့်တွေးမိကတည်းကိုက ကျနော်တို့မှာ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ ၊ အလိုမပြည့်မှုတွေရှိနေနိုင်ပါပြီ ။အဲ့ဒီဒဏ်တွေကို ကျနော်တို့ အချိန်ကာလ တစ်ခုအထိ ပြန်လည်ကုစားဖို့လည်းလိုပါပြီ။နည်းလမ်းသိဖို့လည်းလိုပါပြီ။

တချို့သောအာဏာသိမ်းခြင်းကနေဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်းကျဆင်းမှုတွေ၊ထိခိုက်မှုတွေဟာ တစ်ခါတလေမှာ မသိသာပဲရှိနေတတ်ပါတယ်။ ကိုယ်တိုင်စိတ်ဓာတ်ကျနေပေမယ့် မသိသာတာမျိုးလည်းဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် ကိုယ့်အလုပ်တွေရပ်သွားတာမျိုး၊ ကျောင်းဆက်မတက်ရတော့တာမျိုး၊ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ ပျက်သွားတာမျိုး စသည်ဖြင့် အကြောင်းအရာတွေ ထပ်လာတဲ့အခါမျိုးမှာ ကိုယ်တိုင်ကဘာမှမဖြစ်ဘူးထင်နေပေမယ့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ အနည်းနဲ့အများတော့ ရှိတတ်ပါတယ်။အဲ့ဒီတော့ ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို အမြဲသုံးသပ်ပြီး ဆွေးနွေးတာတွေ ၊ ရင်ဖွင့်တာတွေ ၊ လည်း ဒီအချိန်မှာ လိုအပ်ပါတယ်။

တတိယလှိုင်းကပေးတဲ့စိတ်ဒဏ်ရာများ

မြန်မာပြည်မှာ Covid-19 တတိယပျံ့နှံ့လာတဲ့အချိန်ကစလို့ လူတိုင်းလူတိုင်းဟာ အနည်းနဲ့အများတော့ စိုးရိမ်စိတ်နဲ့ရှင်သန်လာရပါတယ်။ ငါများ ကိုဗစ်ကူးမလား။ ငါအိမ်ကလူတွေကော စိတ်ချရရဲ့လား။ စသည်မေးခွန်းတွေကနေ တကယ်ကိုယ်ဗစ်ကူးစက်ခံရတဲ့ အချိန်အထိ ရခဲ့တဲ့သောကတွေက မနည်းပါဘူး။ တချို့တွေဆို မိသားစုတွေ ဆုံးပါးသွားရတာမျိုးတွေအထိတောင်ရှိပါတယ်။ အဲ့ဒါတွေဟာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေတဲ့ အနည်းငယ်မျှသော အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီထက်များတဲ့ စိတ်ဓာတ်ရာတွေ အကြပ်အတည်းတွေလည်းရှိပါသေးတယ် ။ အဲ့ဒါတွေကို ကျနော်တို့ ကုစားဖို့လို့ပါတယ်။ တက်နိုင်သလောက်ဖေးဖဖို့လို့ပါတယ်။ မဟုတ်ရင် စိတ်ဓာတ်ကျခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့လိုက်လာမယ့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းတွေ၊ နှစ်ရှည်လများ စိတ်ဓာတ်ရာရရခြင်းတွေကြုံတွေ့လာနိုင်ပါတယ်။ 

Social Media

Social Media ကလည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အဓိကပေးနေပါတယ်။ မမှန်တဲ့ သတင်းတွေရယ်၊ လူတွေရဲ့ စိုးရိမ်မှုကို မြင့်ပေးနိုင်တဲ့ သတင်းစီးဆင်းမှုက ဒီနေရာမှာ အဓိက တရားခံပါပဲ။ 

အဲ့တော့ကျနော်တို့ဘာလုပ်ကြမလဲ???။

(၁) ပထမဆုံးကတော့ ပြည်သူကိုပြည်သူကနေပဲ ကူကြရမှာပဲ။ 

စိတ်ပိုင်းဆိုင်ရာကျဆင်းနေတဲ့လူတွေကို ကျတော်တို့အချင်းချင်းအားပေးဖို့ပဲဖြစ်ပါတယိ။

အနည်းဆုံးတော့ ကိုဗစ်ဖြစ်နေတဲ့အချိန် နေမကောင်းတဲ့လူနာကိုဘယ်လိုမြင့်တင်ပေးမလဲဆိုတာတွေ

ကိုဗစ်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာရနေတဲ့လူတွေကို ဘယ်လိုကုစားပေးမလဲဆိုတာတွေ

မတရားဖမ်းစီးခံပြီး အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ကုစားပေးဖို့၊ တိုင်ပင်ဆွေးနွေးပေးဖို့ ဆိုတာတွေဟာ ပြည်သူကနေ ပြည်သူကိုပဲ အားကိုးစရာရှိပါတယ်။ 

(၂) နောက်တစ်ခုကတော့ Psychology နဲ့ပတ်သက်တဲ့ awareness မရှိတာတွေ မြင့်တင်ဖို့လိုနေပါပြီ။

စိတ်ကျရောဂါဖြစ်တာတွေ၊ စိတ်ပိုင်းဆိုင်ရာရောဂါတွေဟာ ကုသလို့ရတာမလို့ ကိုယ်တိုင်က ဘာခံစားနေရတာလည်းဆိုတာမျိုးသိဖို့လိုပါပြီ။ ဒီကာလဟာ ကိုယ်တိုင်ဘာတွေဖြစ်နေသလဲ၊ ဘာတွေခံစားနေရသလဲဆိုတာမျိုးတွေနဲ့ ကိုယ့်အကျပ်အတည်းတွေကို ရင်ဖွင့်ဖို့လိုတဲ့အချိန်ကာလတစ်ခုပဲလို့ထင်ပါတယ်။ နောက်တစ်ခုကတော့ အချိန်ရတဲ့အခါ အောက်မှာ ပြထားတဲ့ သင်တန်းမျိုးတွေ တက်ပြီး ကိုယ့်ရဲ့ psychology နဲ့ပတ်သက် awareness ရယ် knowledge ရယ်ကို မြင့်တင်ပြီး ပတ်ဝန်းကျင်ကိုပြန်ကူဖို့ပါပဲ(သင်တန်းက Certificate တောင်ပေးသေးတယ်နော်)။

(1)COVID-19: Helping Young People Manage Low Mood and Depression 

https://www.futurelearn.com/courses/low-mood-during-covid-19

(2)COVID-19: Psychological First Aid

https://www.futurelearn.com/courses/psychological-first-aid-covid-19

ဒါ့အပြင် ကိုဗစ်ဖြစ်တဲ့အချိန် ဘယ်လိုပြုမှူနေထိုင်မလဲဆိုတာမျိုးတွေ ၊ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုအားပေးမလဲ ဆိုတာမျိုးတွေကို ရှာဖတ်ကြည့်ဖို့ပါတယ်။ပြန်လည်ဝေမျှဖို့လည်း လိုအပ်ပါတယ်။ 

(၃)နောက်ဆုံးတစ်ခုကတော့ ဒီကိစ္စတွေ ပြေငြိမ်းဖို့ အာဏာရှင်စနစ်ကိုတိုက်ဖြတ်ပစ်ဖို့ပါပဲ။ အာဏာသိမ်းခြင်းကြောင့်ဖြစ်တဲ့ အလုပ်လက်မဲ့ဖြစ်တာတွေ၊ကုန်စျေးနှုန်းတက်တာတွေ၊ သွားရေးလာရေးခက်တာတွေ၊ အင်တာနတ် package စျေးကြီးတာတွေ၊ ကျောင်းမတတ်ရတာတွေ၊ ကိုဗစ်ကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တာတွေဟာ ကျနော်တို့ ထိန်းချုပ်လို့မရနိုင်တဲ့အရာတွေပါ ။ အဲ့ဒါတွေကနေတဆင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေပေးပါတယ်။ အဲ့ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရှင်းထုတ်ဖို့ကတော့ စစ်ကောင်စီကို အပြတ်ဖြုတ်ဖို့ပဲဖြစ်ပါတယ်။

အရေးတော်ပုံအောင်ပါစေ။

အရေးတော်ပုံအောင်ပါစေ။

အရေးတော်ပုံအောင်ပါစေ။

မောင်ငြိမ်းဇေ